နှစ်ဆယ့်ငါး
>> Feb 23, 2012
အဆုံးမရှိ အစမရှိ ဦးတည်ရာမရှိ ဘာမှမရှိတာကို တစ်ခါရေးပြီး တော်တော်သဘောကျသွားတယ်..
သေချာ စဉ်းစားစရာမလိုဘဲ နေ့လည် ထမင်းစားချိန်မှာဖြစ်ဖြစ် အလုပ်လုပ်ရင်း ကွန်ပျူတာကြည့်ရတာ မျက်စိညောင်းလာရင်ဖြစ်ဖြစ် (ဘလော့ရေးတော့ ကွန်ပျူတာကြည့်ရတာ မျက်စိမညောင်းရှာဘူးထင်ပါရဲ့နော် ) .. ရတဲ့အချိန်လေးမှာ စိတ်ထဲရှိရာ အတွေးထဲမြင်ရာ အကုန် ရေးချင်တာရေးလိုက်ရသလို ဖြစ်သွားတာမို့ ဘောင်ခတ်မထားဘဲ လွတ်လွတ်လပ်ရှိတာကို တော်တော်သဘာကျသွားတာ..
ထိုနေ့ ထိုအချိန် စိတ်ထဲမှာရှိနေတဲ့ ထိုထိုသောအကြောင်းအရာတွေကိုပါ မှတ်တမ်းတင်လိုက်သလို ဖြစ်သွားပြန်တယ် တွေးမိပါတယ်..
အကြောင်းအရာ အတည်တကျ မယ်မယ်ရရမရှိတော့ ခေါင်းစဉ်တပ်ရ ခက်သွားတယ်..
နောက်ပြီး စိတ်ထဲပေါ်ရာ အမြန်အဆန်ရေးပြီး ရတဲ့အချိန်မှာ ပို့စ်တင်လိုက်တာမို့ စာကြောင်းအကျအန မြန်မာစာအထားအသို ၀ါကျတည်ဆောက်ပုံ တွေကို စိတ်တိုင်းကျ ပြင်ဆင်မွမ်းမံနေချိန်တော့ မရဘူးပေါ့လေ..
အခုလောလောဆယ်တွေးမိနေတာက ကျမ အသက် အစိတ်တုန်းကနဲ့.. ကျမရဲ့ လုပ်ဖော်ကိုင်ဖက် ကောင်လေး (ဂျို) အသက် အစိတ်.. အသက် အစိတ်ချင်းတူပေမယ့် ကျမ အသက်အစိတ်တုန်းက လောကကိုမြင်ပုံ..တွေးခေါ်စဉ်းစားပုံ..ရယ် ဂျို ရဲ့ အသက်အစိတ် အတွေးအမြင်တွေရယ် အတော်ကွာတာကိုပါ..
အခု သူ့အသက်အစိတ်မှာ သူနဲ့သူ့ကောင်မလေးတို့ ငါးသိန်းတန်အိမ်တစ်လုံးကို ၀ယ်နိုင်ကြပြီ.. (ငါးသိန်းစလုံး တစ်ခါထဲ ပေးစရာမလိုပေမယ့် ငါးသိန်းတန်ဝယ်တဲ့အတွက် သတ်မှတ်ထားတဲ့ အရစ်ကျလစဉ်ငွေကို ပေးဆပ်နိုင်တဲ့ တာဝန်ကိုယူနိုင်သည်အထိ ၀င်ငွေရှိနေပါပြီ..) သို့သော် သူ့မှာ ဘွဲ့လက်မှတ်မရှိပါ.. ဘွဲ့ယူဖို့လဲ လောလောဆယ် အစီအစဉ်မရှိသေးပါလို့ ဆိုပါတယ်.. မိဘချမ်းသာသော်ငြား ဆယ်ကျော်သက်အရွယ်မှာ အလုပ်စလုပ်ပြီး ငွေ စ တင် စုဆောင်းခဲ့တယ်.. အလုပ်လုပ်ရင်း အလုပ်ကရတဲ့ ၀င်ငွေနဲ့ .. ဆောက်လုပ်ရေးပညာရပ်ဆိုင်ရာ အသက်မွေးလက်မှတ်တစ်ခု ယူထားတယ်.. ကျောင်းစရိတ်ကို မိဘဆီက မတောင်းပါ.. နောက်ပြီး လူကြီးလူငယ် မည်သူနဲ့မဆို အလုပ်သဘောဖြစ်စေ.. အလုပ်သဘောနဲ့ မသက်ဆိုင်သည် ဖြစ်စေ ကောင်းမွန်သင့်တင့်စွာ ပေါင်းတတ်ပါတယ်.. အခုအချက်တွေက အကြမ်းဖျဉ်းအပေါ်ယံ ထင်သာမြင်သာတဲ့ အကြောင်းအရာ အကျဉ်းရုံးပါပဲ...
ကျမ အသက်အစိတ်မှာ ကိုယ်ပိုင် မြန်မာငွေ ငါးသိန်း လက်ထဲမှာ မရှိပါဘူး.. အသက် အစိတ်ပြည့်၇န် တစ်နှစ်အလိုမှာမှ ဘီကွမ်းလေးတစ်လုံး ရရှာပါတယ်.. (၉၅မှာ ဆယ်တန်းအောင်သော်ငြား .. ၉၆မှာ စီးပွားရေးကျောင်းတော်ကြီးကို လှိုင်မှာ လ အနည်းငယ်တက်ပြီးနောက် ကျောင်းပိတ်သွား.. ၂၀၀၀မှာမှ တာဝမှာ လ အနည်းငယ်တက်..နောက် တောက်လျှောက် ရွာသာကြီးမှာ တက်လိုက်တာ ၂၀၀၃ခုနှစ်မှာ ဘွဲ့ရလေသတည်းပေါ့လေ..) ကျမလည်း အသက် ၁၆နှစ် ကနေ တောက်လျှောက် အလုပ်လုပ်ခဲ့သူပါ.. (တစ်ချက်တော့ တူလို့ တော်ပါသေးတယ်..) အဝေးသင်မတက်သော်ငြား ကျောင်းနဲ့အလုပ်နဲ့ မျှပြီး (သို့) ကျောင်းကို အနည်းငယ် လစ်ပြီး လုပ်သက်ကလေးလည်းရအောင်.. လုပ်ငန်းအတွေ့အကြုံရအောင်..အလုပ်ကမထွက်ဘဲ ဘွဲ့ရနိုင်အောင် အားအနည်းငယ် စိုက်ထုတ်ခဲ့ဖူးပါတယ်.. (အတန်းခေါ်ချိန်မပြည့်လို့ ပါချုပ်နဲ့ သွားတွေ့ခဲ့ရသူ စာရင်းထဲမှာတော့ ပါသွားတာပေါ့လေ..)
အသက် ၂၅နှစ်အရွယ် ပြည်ပထွက်ချိန်မှာ အသက်သာ အစိတ်.. ကလေးစိတ်က မပျောက်ခဲ့ပါဘူး.. ကိုယ့်ကိုယ်ကို တော်တော်ငယ်သေးတယ်ပဲ ထင်ခဲ့မိတယ်ဆိုတာ ၀န်ခံပါတယ်....
တဖြည်းဖြည်းနဲ့ သိခဲ့ရတာကတော့.. မိမိကိုယ်ကို အားကိုးစီမံခန့်ခွဲနိုင်ခြင်း ဆိုတဲ့ အတတ်ပညာကို ဘယ်သူကမှ သင်မပေးဘူး ဆိုတာပါပဲ..
မိဘ(သို့)အုပ်ထိန်းသူကို အသက်အနည်းငယ်ကြီးရင့်သည်အထိ မီခိုနေသူများ (မိဘနဲ့အတူနေပြီး မိဘကို လုပ်ကျွေးပြုစုနေသူများကို မဆိုလိုပါ..).. အသက်အရွယ်အသင့်အတင့်ကြီးလာသည်အထိ ဘ၀ဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုခု ချဖို့ရာ မိဘ (သို့) အုပ်ထိန်းသူကို အမြဲအားကိုးနေရသူများ (တိုင်ပင်တာနဲ့ အားကိုးတာ မတူပြန်ပါဘူး..) အနေနဲ့
လူအများနဲ့ ပေါင်းသင်းဆက်ဆံရမှာ ရင့်ကျက်ခြင်း..
ကိုယ်တိုင် မှန်ကန်တဲ့ ဆုံးဖြတ်ချက် အလွယ်တကူ ချနိုင်ခြင်း - စတာတွေမှာ အားနည်းတတ်တယ်လို့.. ထင်မိပါတယ်..
အားကိုးတာနဲ့ လေးစားတာ အတိုင်းအတာတစ်ခုအထိ အတော်ကွာတယ်ထင်မိတာပါပဲ..
မိဘတွေအနေနဲ့လည်း သားသမီးကို - ချစ်တာလဲချစ်.. သူတို့ဘ၀ကို သူတို့ဘာသာ သူတို့အားကိုးပြီး ကြုံလာရတဲ့ ဘ၀တစ်ခုကို ပျော်ရွင်နေတတ်စေဖို့အတွက် မှန်ကန်တဲ့ ပြုစုပျိုးထောင်မှုနဲ့ လမ်းကြောင်းလေးတွေ ညွန်ပြပေးဖို့ လိုမယ် ထင်မိတာပါပဲ..
မိမိကလေး အသက်အစိတ် သုံးဆယ် တိုင်အောင် မိဘအိမ်မှာနေ.. မိဘအိမ်မှာ စားရုံမက.. စာသင်စရိတ်လဲ မိဘဆီက လက်ဖြန့်တောင်း.. ကျန်တဲ့ အသုံးစရိတ်တွေလဲ လွယ်လင့်တကူ ထုတ်ပေးနေရင်ဖြင့် ကိုယ့်ကလေးကို တစ်သက်လုံး အရွယ်မရောက်စေချင်သလို နှစ် ရာ ကျသွားမယ် ထင်မိပါတယ်.. (တတ်နိုင်တဲ့ မိဘနဲ့ ထိုမိဘများရဲ့ သည်းသည်းလှုပ် ရင်နှစ်သည်းချာများကတော့ ဖတ်မိရင်.. ရယ်စရာအဖြစ် ထင်မှတ်နေမလား မပြောတတ်ပါ..)
စကားမစပ်စွာ ပြောရရင်ဖြင့် - တစ်နေ့က ဖွင့်ထားမိတဲ့ ကိုကြီးနော်ကိုကြီး ဇာတ်လမ်းထဲက မင်းသမီးလိုဘ၀မျိုးကို ဆယ်ကျော်သက်အရွယ်လောက်တုန်းက ကြည့်ဖြစ်ရင် ငါလဲ သူ့လိုဖြစ်ချင်လိုက်တာ.. မိဘတွေကလဲ ချမ်းသာ.. ကျောင်းပြီးသွားပြီး ဘာမှအလုပ်လုပ်စရာလဲ မလို.. မိဘအိမ်မှာနေပြီး အသင့်စားသောက်.. စသည်ဖြင့် တွေးချင်တွေးမိပေမယ့် အခုကြည့်မိတဲ့အခါ.. မင်းသမီးရဲ့ အတော်ရေပေါ်ဆီနိုင်တဲ့ဘ၀ကိုကြည့်ပြီး အားကျဖို့ ဝေးစွ.. မိဘသာချမ်းသာပြီး ကိုယ်ကိုယ်တိုင်တော့ ဘာမှအဖြစ်မရှိသူပါလား - လို့ တွေးမိလိုက်ပါသေးတယ်.. (ရန်ကုန်က ဆယ်ကျော်သက်အရွယ်တူမလေး သာ ထိုကား ကြည့်ဖြစ်ရင် ခမျာ အားကျနေရှာမလား မတွေးတတ်ပါ....)
လုပ်ဖော်ကိုင်ဖက်ကောင်လေးရဲ့ အသက်အစိတ်နဲ့ ကိုယ့်တုန်းက အသက်အစိတ် ယှဉ်ကြည့်ရင်း.. ကိုယ်ကိုယ်တိုင် အသက်အစိတ်မှာ ငါ အတော်မရင့်ကျက်ခဲ့တာပါလားလို့ တွေးမိရင်း ရေးချဖြစ်သွားတာတွေပါ.. ကိုယ့်အမြင်သက်သက်တွေမို့ သေချာပေါက် မှားကောင်းမှားနိုင်ပါတယ်..
..
Worth reading if you are a parent and if you have some time - Why French Parents Are Superior (and please don't forget to read comments.)
pN
