Nov 10, 2009

အရယ်လွယ်လျက် အငိုခက်သည်၊ ကမ္ဘာပျက်သည့် အချိန်


“ကမ္ဘာပျက်တော့မယ်တဲ့..ဗျာ။”

“ဟဲ့ ပလုတ်တုတ်။ မနက်စောစောစီးစီး၊ ငါ့ ဆိုင် ခုမှ စဖွင့်တာ၊ ဈေးဦးတောင် မပေါက်သေးဘူး။ ပေါက်တက်ကရတွေ လာမပြောနဲ့..ရွှေသွေးရေ။”

အပျိုကြီးဖြစ်သူ မဟေမိုးကို၏ မုန့်ဟင်းခါးဆိုင်အတွင်းသို့ ဆိုက်ကားဆရာ ကိုအောင်ရွှေသွေး ၀င်ဝင်လာချင်း ထိုသို့ပြောလိုက်သဖြင့် မဟေမိုးကို လန့်ဖြတ်ကာ မျက်လုံးပြူးသွားသည်။

“ဈေးဦးမပေါက်သေးလဲ..လုပ်ဗျာ.. ဗူးသီးကြော်နဲ့ တစ်ပွဲ။
ကမ္ဘာပျက်မယ်ဆိုတာကတော့ သေချာတယ်တဲ့ဗျို့။ နှစ်ထောင့် ဆယ့်နှစ်မှာတဲ့။ ကမ္ဘာတစ်ဝှမ်းလုံးမှာ အဲဒီ့အကြောင်းပဲ ပြောနေကြတယ်တဲ့။”

“ဟယ်.. ဒုက္ခ၊ င့ါမှာ ယောက်ျားတောင် မယူရသေး၊ ဒင်းက ပျက်တော့မယ်တဲ့လား။”

“ယောက်ျားမယူရသေးတာ ဘာဖြစ်လဲ၊ ဘာက ပျက်မှာလဲ။ ယောက်ျားမယူရသေးရင်.. မယူတာအကောင်းဆုံးပဲ အပျိုကြီးရေ..။”
မဟေမိုးကိုနှင့် ကိုအောင်ရွှေသွေးတို့နှစ်ယောက် စကားပြောနေစဉ် ကလေးနှစ်ယောက်အမေဖြစ်သူ ဒေါ်ရွှေဝတ်မှုန်ရည် ၀င်လာ၏။ တစ်စွန်းတစ်စသာကြားသော်လည်း လေသံကြား၊ဖမ်းတရားနာတတ်သည့် ထုံးစံအတိုင်း မီသည့်နေရာမှ ၀င်ပြောလိုက်သည်။

“ဒီမယ်..အပျိုကြီးရေ..။ ယောက်ျားမယူနဲ့။ တစ်ယောက်တည်းနေရတာလောက် ကောင်းတာ မရှိဘူး။
စားချင်တဲ့အချိန် စားချင်တာစား၊ သွားချင်တဲ့အချိန် သွားချင်တဲ့နေရာ သွား၊ ကောင်းမှကောင်း။”


“သြော်..ရှင်တို့က ယူပြီးကြပြီကို။ ဒါဖြင့်.. ဘာဖြစ်လို့.. ၀ါကျွတ်တိုင်း.. မယူသေးဘူးလား...၀ါကျွတ်ပြန်ပြီ..ဘယ်တော့လဲ..အပျိုကြီး.. ဆိုပြီး ကျမကို လာလာ ခလုတ်တိုက်ကြရတုန်း။
တစ်ခါလာလဲ..ဒါ၊ တစ်ခါလာလဲ..ဒါ၊ ကျမ မှာ အိပ်မက်ထဲတောင် အဲဒါပဲ ဖြေရှင်းနေရတယ်။”

“ဟားဟား.. အဲဒါ မနာလိုလို့ ပြောကြတာနေမှာ။ လွတ်လပ်ပျော်ရွှင်နေတာကို မမြင်ချင်လို့ နေမှာ..။
ဒါနဲ့...ကြုံတုန်း မေးလိုက်အုံးမယ်၊ ဘယ်တော့လဲ။ ဟဲဟဲ။”


“နှစ်ထောင့်ဆယ့်နှစ်မှာတဲ့..။”

ဒေါ်ရွှေဝတ်မှုန်ရည်၏ အမေးကို ကိုအောင်ရွှေသွေးက ဘာမဆိုင် ညာမဆိုင်ဖြင့် ၀င်ဖြေသည်။
ဤသည်ကိုပင် အဟုတ်မှတ်ကာ ဒေါ်ရွှေဝတ်ရည်က -

“ဟဲ့..မမိုး၊ တော်တော်လိုသေးတာပဲ။ မယူရင်လည်း မယူနဲ့တော့။ အသက်ကြီးမှ ကလေးယူရင် ကလေးမှာ ဘာဖြစ်တတ်တယ်..ဆိုလား၊ ဦးနှောက်မှာ ဆိုလား..၊ စာသင်ရင်လည်း ဘာဖြစ်တယ် ဆိုလား.. ငါလဲ သေချာမသိပါဘူးအေ။
၂၀၁၂ သေချာပြီလား။ အမလေး..မုန့်ဟင်းခါးလေး တစ်ရက်လောက် လာမစားမိတာနဲ့..ငါ့မှာ သတင်းတွေ နောက်ကျနေလိုက်တာ။”


“အို..တော်ပါတော့ ဒေါ်ရွှေရယ်။ ကိုရွှေသွေးက ကမ္ဘာပျက်မယ့်အကြောင်းပြောနေတာ၊ ဘယ့်နှယ် ကျမ ယောက်ျားယူရမှာတုန်း။”

ထိုစဉ်မှာပင် ၈တန်းကျောင်းသားလေးဖြစ်သူ မောင်တိုးနေ၀င်လာပြန်သည်။

“အန်တီမိုးရေ..။ မုန့်ဟင်းခါးတစ်ပွဲ။ ဟာ.. ကိုရွှေသွေးကြီးပါလား။ ကမ္ဘာပျက်မယ့်အကြောင်း ပြောပြီးသွားပြီလား။”

“သြော်..လက်စသတ်တော့ တရားခံက ဒင်းကို။ ကိုရွှေသွေးတစ်ယောက် ကလေးဆီကနေ သတင်းတွေ သယ်လာပြီး ကျမဆိုင်မှာ လာဖြန့်နေတာကိုး။”

မဟေမိုးကို က မုန့်ဟင်းခါးပြင်ရင်း လှမ်းပြောလိုက်သည်။

“တကယ်ပဲဗျာ၊ ၂၀၁၂မှာမှ ပျက်မယ်တဲ့။ ပျက်မယ်ဆိုလဲ စောစောစီးစီးပျက်တာ မဟုတ်ဘူး။ ကျနော် ၁၀တန်းရောက်မှာ ကြောက်နေတာ။ စောစောစီးစီးပျက်ရင် ၁၀တန်းဖြေစရာလည်း မလိုတော့ဘူး။
ပျက်မှာကတော့.. တကယ်ကျိန်းသေပေါက်တဲ့ အန်တီမိုး။ အဲဒီ ကမ္ဘာပျက်မယ့်အကြောင်း.. ကျနော် ရန်ကုန်သွားတုန်းက ဦးလေးရဲ့ အင်တာနက်ဆိုင်က ယူလာတဲ့ စာရွက်။ မေးခွန်းတွေတောင် မေးထားသေးတယ်ဗျာ။
၂၀၁၂တွင် ကမ္ဘာပျက်တော့မည်။
မေးခွန်း နံပါတ် ၁ - မပျက်ခင် မည်သည့်အရာများ ကြိုတင်ပြင်ဆင်ထားမည်နည်း။ - တဲ့။”

ရွှေသွေး။ ။“ငါကတော့ ငါ့ဆိုက်ကားကို သေချာ ခိုင်ခံ့နေအောင် လုပ်ထားပြီး မပျက်မချင်း.. ငါ မသေမချင်း ရောက်ရာပေါက်ရာ လျှောက်နင်းနေမယ်ဟာ။”

မမိုး။ ။“ဟယ်..ကျမက ဘာလုပ်ရမလဲဟင်။ အခုနေမှ ယောက်ျားကောက်ယူလိုက်လို့.... ကမ္ဘာပျက်တဲ့အချိန် ဗိုက်ကြီးတကားကားနဲ့ ပြေးနေရရင် ဒုက္ခ၊ မယူပြန်ရင်လည်း မရလိုက်မှာ စိုးရသေးတယ်။”

ဒေါ်ရွှေ။ ။“ငါကတော့ ငါ အတိုးချထားတာတွေ အကုန်လိုက်ကောက်မယ်။ ငါ့ပိုက်ဆံတွေ မက်လို့ မဟုတ်ပေါင်။ သေမှတော့ ဘာလုပ်မှာလဲ။ တော်ကြာ.. နောက်ဘ၀မှာ ငါ့ကို အကြွေးတင်နေပြီး မကျွတ်မှာစိုးလို့။”

“နောက်မေးခွန်း တစ်ခုက.. အသင်ပိုင်ဆိုင်ခွင့်ရခဲ့သော လူ့ဘ၀တစ်ခဏတာအတွင်း မည်သည့်အချိန်အပိုင်းခြားလေးများအား ကျေနပ်အမှတ်ရနေမည်နည်း..တဲ့။ ကဲ.. ဖြေကြပါအုံး။ စိတ်ဝင်စားစရာတော့ ကောင်းသား။” - ဟု မောင်တိုးနေက ပြောသည်။

မမိုး။ ။“ငါ အပျိုလေးတုန်းက ရည်းစားစာ ရဖူးတယ်။ ငါ့မှာ အမေ့စကား နားထောင်ပြီး မူလိုက်ရတာ။ အမူလွန်တော့ ခု အပျိုကြီးဖြစ်ပါရောလား။ ဘာပဲဖြစ်ဖြစ်လေ.. အဲဒီတုန်းက ကတုန်ကရင်နဲ့ ပျော်ဖို့တော့ ကောင်းသား..။”

ဒေါ်ရွှေ။ ။“အမလေး.. သူကလည်း ဒါပဲ။ ငါကတော့ .. ငါ့ဘ၀ကို အသစ်က ပြန်စဖို့ ငွေရင်းထုတ်ပေးတဲ့သူ ပေါ်လာတာကိုပဲ ကျေနပ်ပါတယ်အေ။ ရွှေရှိမှ မျိုးတော်တယ်လို့ အရင်က ထင်ခဲ့ပေမယ့်.. တကယ်လိုချိန်မှာ ပေါ်လာပြီး ကူညီခဲ့ကြတဲ့ ဆွေမျိုးတွေကို ကျေးဇူးတင်မိပါတယ်။”

ရွှေသွေး။ ။“ဆိုက်ကား စ နင်းတုန်းက .. ကုန်းတက်ရောက်ရင် မနင်းခိုင်းဘဲ လမ်းဆင်းဆင်းလျှောက်ပေးတဲ့ ဒေါ်ဝတုတ်ကြီးကိုပဲ အမှတ်ရမိပါတယ်။”

“ဟင်..ခင်ဗျားဟာကလည်း ဘာမှ မဆိုင်ဘူး။ ကဲ.. ဒီမှာ နောက်ဆုံးဗျာ..မေးခွန်းက - ၂၀၁၂ခု ကမ္ဘာပျက်ချိန်တွင် မည်သည့်အကြောင်းအရာများကို စဉ်းစားတွေးတောနေမိမည်နည်း။ - တဲ့။”

သုံးယောက်စလုံးဆီမှ အချိန်အတော်ကြာ မည်သည့်အသံမျှထွက်မလာဘဲ တိတ်ဆိတ်သွားသည်။ သက်ပြင်းချသံ တစ်ချက် ကြားရသည်။ ထို့နောက် တစ်ယောက်နှင့်တစ်ယောက် အချင်းလှမ်းကြည့်ကြ၏။

“ကမ္ဘာပျက်တယ်ဆိုတာ.. ဟိုတစ်ခေါက် တို့ရွာကို မုန်တိုင်းဝင်တုန်းကလိုပဲ ဆိုရင်ဖြင့်..
ကမ္ဘာပျက်ပြီးချိန် ကံကောင်းကြတဲ့ သူတွေအထဲ ငါ မပါချင်ဘူး။ တကယ်တမ်းပျက်တော့လည်း ဘာမှ တွေးတောချိန်မရပါဘူးဟာ။ ကမ္ဘာပျက်ပါတယ်ဆိုမှ စာဖွဲ့ဖို့ ဘယ်အချိန်ရပါ့မလဲ။
အင်း.. ပြောသာပြောနေရတယ်..ငါတို့ အားလုံးအတွက် ကမ္ဘာက ပျက်ပြီးသား၊ ဘ၀ပြန်စ ကြရတာ..သိပ်မကြာသေး..ဘယ်အချိန် ထပ်ပျက်အုံးမလဲ.. လာစမ်းပါလေ့။
ငါလည်း သားတစ်ယောက်နဲ့ယောက်ျား၊ မမိုးလည်း အမေ၊ ကိုရွှေသွေးလည်း မိန်းမနဲ့ကလေးတွေ.. ဘယ်လိုမှ ပြန်တွေ့ခွင့်မရတော့ပါဘူး။
မင်းကတော့ မိသားတစ်စုလုံး ခရီးထွက်နေတော့ ကမ္ဘာပျက်တယ်ဆိုတာမှ မကြုံဖူးလိုက်ဖူးပဲကိုး...။ တို့လို လူများအတွက်တော့ ကမ္ဘာပျက်တယ်ဆိုတာ မဆန်းတော့ပါဘူးဟာ။”


ဒေါ်ရွှေ၏ စကားအဆုံးတွင် မောင်တိုးနေတစ်ယောက် သူ့လက်ထဲရှိ စာရွက်လေးအား ပြန်ခေါက်သိမ်းလိုက်မိတော့၏။ ။

10 comments:

momiji said...

good post.

:)

momiji said...
This post has been removed by the author.
Rita said...

ထိတယ်
:)

ပုံရိပ် / Pon Yate said...

ကောင်းတယ်။

အိမ့်ချမ်းမြေ့ said...

ပန်းနွယ်က ရယ်စရာတွေလည်း ကောင်းကောင်းရေးတတ်တယ်နော်..

အိမ့်ချမ်းမြေ့ said...

တစ်ခါတစ်လေလည်း မချိပြုံးရယ်အောင်လည်း လုပ်တတ်သေးတယ်..

အပြုံးပန်း said...

စာရေးထားတဲ့ အိုင်ဒီယာကိုကြိုက်တယ်။

(အခုမှ ရောက်ဖူးတာပါ)

naungthu said...

ဟုတ်တယ် ကမ္ဘာပျက်တော့မှာ ဝိတ်ချနေလည်း အလကားပဲ :))

မာရေးသျှင် said...

သာကြောင်း မာကြောင်း
လာလည်ကြောင်း
ကျန်းခန့်သာလို့ မာစေကြာင်း
မေတ္တာရေသွန်းလောင်း

Thar Thar Phoe La Phayt said...

၇င်ကိုထိတယ်

 

and in a flash, they're gone..