Aug 8, 2008

တစ်မူးသာသော ပုတ်ထဲက ပဲများ

>> Aug 8, 2008


ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ စံပေါ ဆိုတဲ့ ၀မ်းတွင်းရူးတစ်ယောက် ရှိရှာတယ်။ မွေးကတည်းက သွက်သွက်ခါအောင် ရူးနေတာ မဟုတ်ဘဲ ယဉ်ယဉ်လေးနဲ့ ရူးနေတာလို့ ပြောလို့ရတယ်။ တစ်ရွာလုံးကလဲ စံပေါ ဘာလုပ်လုပ်၊ အရူးလုပ်တာဆိုပြီး လွှတ်ထားကြတယ်။ ဒါပေမယ့် စံပေါရဲ့ မိဘများက စံပေါကို ချစ်ရှာပါတယ်။ တောမှာဆိုတော့ ၁၅နှစ်နဲ့ အိမ်ထောင်ကျပြီး စံပေါကို မွေးခဲ့တာ။ စံပေါတို့မှာ ဘိုးဘွားအစဉ်အဆက် ချမ်းသာလာတာမို့ ပစ္စည်းဥစ္စာလဲ ပြည့်စုံတယ်။

အမျိုးထဲမှာ အရူးမရှိပေမယ့် စံပေါ ကျမှသာ ကျပ်မပြည့်သလိုလေး ဖြစ်နေတဲ့အတွက် မွေးထားမိပြီးမှတော့ မထူးတော့ဘူး၊ ဘာမှလဲ မတတ်နိုင်ဘူး။ ဆိုတဲ့ သဘောလဲ ပါမယ် ထင်ပါတယ်၊ ဥပက္ခာပြုသလိုလို၊ ကရုဏာထားသလိုလိုနဲ့ပဲ မျက်စိမှိတ်ပြီး ချစ်ကြရတယ်။ မချစ်ရင်သော်လဲ အောင့်ကာ နမ်းကြရတာလဲ ပါမယ် ထင်တယ်။

တစ်နေ့တော့ စံပေါရဲ့ အမေဖြစ်သူ ဒေါ်အယူတော်က ကလေးနောက်တစ်ယောက် မွေးတယ်။ ဗိုက်စကြီးတယ် ဆိုကတည်းက
အကောင်းဘက်ကိုပဲ မျှော်တစ်လင့်လင့်နဲ့ပေါ့။ အကောင်းလေး မွေးပါစေ ဆိုပြီး ဆုတောင်းရတာလဲ အမော။ စံပေါတုန်းက ပေါချာချာနဲ့ အရူးအပေါဆိုပြီး ခွင့်ပြုထားသမျှ၊ နောက်ဆုံးမှာ ထိန်းမရ သိမ်းမရဖြစ်အောင် လွှတ်ထားလိုက်ရတဲ့ အခြေအနေမျိုး နောက်ထပ်ပြီး မဖြစ်စေချင်တော့ဘူးလေ။ တစ်ရွာလုံးကလဲ ဆုတောင်းကြပါတယ်။

စံပေါနဲ့ အခု ဗိုက် ကြားထဲမှာလဲ လ နုနုနဲ့ ပျက်ကြသွားတာတွေလဲ ရှိသေးတယ်။ အိပ်မက်ထဲမှာတော့ ကလေးနောက်တစ်ယောက်လိုချင်ရင် အချိန်တန်ရင် ရမှာပေါ့၊ ဆန္ဒမစောပါနဲ့၊ ဆန္ဒ မစောကြပါနဲ့ - ဆိုပြီး ဘိုးတော်လိုလို တစ်ယောက်က အိပ်မက်လာလာပေးသေးတယ် ပြောတယ်။ ဒီလိုနဲ့ အခုတစ်ခါတော့ စံပေါ အမေ တစ်ယောက် မွေးကာနီး ဖွားကာနီးအထိ ဒေါင်ဒေါင်မြည်ပဲ။

သူ့ အမေ နောက်တစ်ယောက် မွေးတော့မယ် ဆိုတော့ စံပေါက ရှက်တတ်ရှာတယ်။ အရူးပေမယ့်လဲ တစ်ခါတစ်လေ ရှက်မှာပေါ့။ “ကျုပ်အမေကဗျာ ကလေးကို ကျုပ်အသက်လဲကြီး၊ သူ့အသက်လဲ အိုကြီးအိုမ ရောက်မှ မွေးမလို့တဲ့။ ကျုပ်ပဲ လူပျိုဖြစ်ပြီး မိန်းမယူရင်တောင် ၄ယောက်ကို ၅ခါပြန်လောက် ယူပြီးနေပြီ....။ ကလေးလဲ မိန်းမဘက်က ပါတာနဲ့ ဘာနဲ့ ဆိုရင် ၆ ယောက်လောက် ရှိနေလောက်ပြီ... ။ ကျုပ်တစ်ယောက်နဲ့တင် မလုံလောက်ဘူးလား ဗျာ..။ အဲဒါကို အမေက ခုမှ ကလေးတစ်ယောက်ထပ်မွေးမယ်တဲ့။ ကျုပ်အသက် ၂၇နှစ်မှာမှ ကျုပ်အောက် အငယ် က ၁နှစ်ကျော်ကျော် ရှိအုံးမယ်။ ကြားလို့မှ ကောင်းသေးရဲ့လားဗျာ။” ဆိုပြီး ပွစိပွစိနဲ့ ငြီးတွားတယ်။

ဒီလိုနဲ့ပဲ စံပေါရဲ့ အမေတစ်ယောက် လေးဆယ်ကျော်မှာ နောက်တစ်ယောက်ကို အမှတ်မရှိဘဲ မွေးမိပြန်တယ်။ ဘယ်လိုပဲ မျှော်လင့်ချက်တွေ ထားခဲ့ ထားခဲ့။ ဒီပုတ်ထဲက လာမှတော့ ဒီပဲ ပဲ ဖြစ်တော့မှာပေါ့လေ။ စံပေါလိုပဲ ကျပ်မပြည့်တဲ့ သားလေးတစ်ယောက် ထပ်မွေးပြန်တယ်။ နောက်ပြီး အရူးက တစ်မူးသာ- ဆိုတဲ့ စကားပုံလိုပဲ နောက်မွေးတဲ့သားက တစ်မူး မက၊ တစ်မတ်၊ တစ်ကျပ်၊ အမြဲသာချင်နေတတ်တဲ့ ကလေး ဖြစ်နေပြန်တယ်။

နာမည်လေးကတော့ စံပေါ နဲ့ ကာရန်ညီအောင် မှည့်လိုက်တာ။ ပါချော တဲ့။ သူတို့ မိသားစုလဲ စံပေါက နှိပ်စက်လိုက်၊ ပါချောက နှိပ်စက်လိုက်နဲ့ အတွင်းပစ္စည်းတွေလဲ ကုန်သလောက်ရှိနေပါပြီ။ ရှိသမျှ ကုန်တော့မယ်၊ ဘာမှ မရှိတော့ဘူး- လို့ သူ့အမေက ပြောတာ့ စံပေါက ပြောပါတယ် - မရှိတော့လို့ ကြက်သား၊၀က်သားတွေ မစားနိုင်တော့ရင် ငါးလေးဘာလေး ပြောင်းစားပေါ့- တဲ့။ ပေါသာ ပေါတာ၊ ပြောတတ် ဆိုတတ်လိုက်တာလဲ လွန်ပါရောပဲ။

ခုဆိုရင် ပါချောလေးလဲ ပေါချာချာနဲ့ပဲ အသက်ကြီးလာလိုက်တာ မကြာခင်မှာ၊ အသက် နှစ်ဆယ် ပြည့်တော့မယ်။

စံပေါကြီးတစ်ယောက်တော့ အရူးလိုလို အပေါလိုလိုနဲ့ ရှိသမျှ သုံးဖြုန်းပြီးတဲ့နောက်၊ လူမသိသူမသိနဲ့ ဆုံးသွားရှာပြီ။ ကျန်သမျှကို ဆက်ပြီး သုံးဖြုန်း နေတဲ့ ပါချောလေးလဲ ဘယ်တော့ ဆုံးပါးမယ် မသိဘူး။ သူ့အမေ ကတော့ ၀ဋ်ရှိသရွေ့ ခံရမှာပါပဲ၊ ကံပါပဲလေ ဆိုပြီး ပြောရှာပါတယ်။

8.8.2008 အမှတ်တရ

Related Posts :



1 comments:

ဂျူနို March 19, 2009 5:29 AM  

အလည်လေးတွေပါ။ အတွင်း ပစ္စည်းထိုင်သုံး တတ်တယ်ဆိုတော့။ တော်တော်တော်တဲ့  ရွှေပေါလို့ ဆိုရမယ်။

Facebook Badge

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP